ကိုယ်ဝန်ဆောင်ချိန် အချဉ်စားရင် ကလေးကို ထိခိုက်မှာလား
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် စားသောက်မှုပုံစံ ပြောင်းလဲတာမျိုး ရှိကြပါတယ်။ ဒါကို အရပ်စကားနဲ့ ပြောမယ်ဆိုရင် ချင်ခြင်းတပ်တာပေါ့။ ဒီလို ချင်ခြင်းတပ်တဲ့အခါ ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး အရသာ အမျိုးမျိုးကို စားချင်တာမျိုး ဖြစ်နိုင်ပါတယ်။
ဒီလို ထဲမှာမှ မေမေက အချဉ်မှ အချဉ် စားချင်တာမျိုး ဖြစ်မယ်ဆိုရင်တော့ စားရမလား? ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် အချဉ်စားတာက ကလေးကို ထိခိုက်စေမလား ဆိုတာကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်စားချင်လို့ဆိုပြီး အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ ဖြစ်တဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုစ်နဲ့ အခြားသော အချဉ်ဓာတ်ပါတဲ့ အသီးတွေကို စားပေးတာက ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ပျို့အန်တာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်စားတာက သွေးတိုးကျစေနိုင်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် ထောက်ကူပေးနိုင်ပါသေးတယ်။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်ကို အတိုင်းအဆလေးနဲ့ စားသုံးပေးတာက သွေးသန့်စေဖို့ ထောက်ကူပေးနိုင်ပါသေးတယ်။ အချဉ်ဓာတ်က ဗီတာမင် C ပြည့်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား ပြည့်ဝစေပြီး ဖျားနာမှု ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
အလွန်အကျွံ မစားပါနဲ့
ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်စားတာက ကောင်းကျိုး များတယ်ဆိုပေမယ့် အချဉ်ကို လိုတာထက် ပိုပြီး စားမယ်။ အလွန်အကျွံ စားမယ်ဆိုရင်တော့ ကလေးဆီ အာဟာရ ရောက်ရှိမှုကို အဟန့်အတား ဖြစ်စေနိုင်သလို အခန့်မသင့်ရင် ကိုယ်ဝန်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်စားတာက မိခင်အနေနဲ့ ဗိုက်အောင့်တာမျိုး၊ အစာခြေစနစ် ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်စားချင်တယ် ဆိုရင်တောင် အလွန်အကျွံ မစားပါနဲ့။
အချဉ်ကို အတိုင်းအဆနဲ့ပဲ စားပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အချဉ်ကို လုံးဝ ရှောင်ဖို့တော့ မလိုပါဘူး။
မွန်မွန်